August 18, 2013

သူးလေရဲ့  ထာဝရခရီးသည်

သူးလေရဲ့  ထာဝရခရီးသညျ

Saw Ba U  Gyi 










ယမ်းညှော်နံ့တွေနဲ့ စစ်အနိဌာရုံလွှမ်းခြုံတဲ့
တစ်ထောင့်ကိုးရာလေးဆယ့်ကိုးရဲ့
မေ(နှစ်ဆယ့်နှစ်) ညတစ်ညကပေါ့
လူသာစွမ်း လက်နက်တွေ မစွမ်းနိုင်တော့တဲ့
ခဲယမ်းကျည်ဆံ အခက်အခဲကြောင့်
ငါတို့တွေ ‘တောက်’ တခေါက်ခေါက်
အံတကြိတ်ကြိတ်နဲ့ အင်းစိန်ကနေ ဆုတ်ခွါလာခဲ့ရ
ကြာအင်းစောင်းရွာမှာ တာဝန်တွေခွဲဝေယူငှ
အရှေ့ဒေါနဆီ ဦးတည်ခရီးသွားခဲ့တဲ့အသင်
ငါတို့တွေ ဦးညွှတ်အလေးပြုရင်း
သင့်ကို ထာဝရ နှုတ်ဆက်ခဲ့ရလိမ့်မယ်လို့ မထင်ထားခဲ့တဲ့
တို့မျိုးဇာနည် ထာဝရခရီးသည်။

မမြင်ရက်တဲ့ စန်းလသော်တာ
ကွယ်ပုန်းကာ ကွေးရေးရေးသာ
လျှပ်ရောင်အောက်မှာ သာခဲ့ရ
တို့တွေအားလုံး ယူကြုံးမရ
နှမြောခဲ့ရတဲ့ ထာဝရခရီးသည်
သင့်ရဲ့ ကံကြမ္မာတိမ်မဲကို သယ်ဆောင်လာတဲ့
မျိုးဖောက် မောင်အဲ လောက်ငနဲကြောင့်
မိုးနဲ့ မျက်ရည် အပြိုင်ဖြိုင်ဆင်း
သြဂုတ်ဆယ့်နှစ် ထိုအရုဏ်ခင်း
ဘဝင်ညှိုးခဲ့ရ ထာဝရခရီးသည်။

စဲရန်ခက် သည်းထန်တဲ့ မာရ်နတ်မိုးဖြူကြောင့်
ခရီးဆက်ရန်ခက် သင်တစ်ထောက်နားတဲ့
မြိုင်စွယ်တံတိုင်း ပတ်ရံဝိုင်း
ယာစွန်တဲစုတ် ဇနပုဒ်မှာ
ခေါင်ယိုစိုရွှဲ မလုံမလဲ
လေသင့်ရာ ကျီစယ်ဖျန်းပက်
စိုတစ်ခြမ်းကြမ်းပြင်ထက် အိပ်စက်
ကော်သူးလေရဲ့ အနာဂတ်
သင်ပုံဖော် အိပ်မက်ခွင့်ရတဲ့
နောက်ဆုံးသော ထိုတစ်ည
ငိုကြွေးနေတဲ့ သူရိန်နေမင်းကြီးရဲ့
နီစွေးစွေး မျက်စုံအောက်မှာ
ရဲရင့်ခြင်းအဓိပ္ပါယ်ဆောင်တဲ့
နီရဲတဲ့ ရောင်ခြည်တွေနဲ့
ကော်သူးလေမြေပေါ် စီးကျတဲ့
သင့်ရဲ့နီရဲတဲ့သွေးနဲ့ ပေါင်းစပ်
သူရဲကောင်းတံဆိပ်ခတ်နှိပ်ထားတဲ့ စုတ်တံနဲ့
တို့တတွေ ချစ်တဲ့ကော်သူးလေကို
စုတ်ချက်ကြမ်းကြမ်းတွေနဲ့
အနီရောင်ခြယ်သခဲ့
နီရဲသော အရောင်ကို ပိုင်ဆိုင်တဲ့
သူးလေပန်းပေါင်းများစွာကိုလည်း ပွင့်လန်းစေခဲ့တယ်
အသင်လျှောက်လှမ်းခဲ့ မဆုံးသေးတဲ့ခရီး
သင်နဲ့အတူ ငါတို့တတွေ လျှောက်လှမ်းရဦးမယ်
အို … သူးလေရဲ့ ထာဝရခရီးသည်။

                                                   စအိုင်ခန့် (နှင်းခဲမြေ)
                                                    သြဂုတ်-၁၂၊ ၂၀၁

အမိတိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားကြသော ကရင့်အာဇာနည်အပေါင်းအား
ဤကဗျာလေးဖြင့် ဂုဏ်ပြုအပ်ပါသည်။

June 30, 2013

နားလည်ပေးပါ မူလေးချက်ရှင်

နားလည်ပေးပါ မူလေးချက်ရှင်

(ကဗျာ)
Ba 226
အို့ အသင်မူလေးချက်ရှင်
ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်ဆိုလို့
ဖိုးခွါးတို့ အမြဲကိုင်ဆောင်ထားလျှက်ပါ
ဒါပေမယ့့်
တောင်ဝှေးအဖြစ်နဲ့သာ ကိုင်ရတာပါ အဘရယ်
တစ်ချို့ကြတော့ မောင်းဖြုတ်ပြီး
တိုက်ချွတ်သူမဲ့ နံရံမှာ ချိတ်လျှက်
နားလည်ပေးပါ အဘရယ်
သူတို့ပြောတဲ့ ထာဝရငြိမ်းချမ်းရေးရဲ့
အဘယ်သောအခါဆိုတဲ့အရာပေါ့။

အို့ အသင်မူလေးချက်ရှင်
လက်နက်ချစကား အလျဉ်းမပြောရဆိုလို့
ဖိုးခွါးတို့ လုံးဝမပြောပါဘူး အဘရယ်
ဒါပေမယ့်
အထက်နဲ့အလယ်သာ အောက်လူနဲ့ပြည်သူ မပါတဲ့
သာမတူ ညီမမျှ အကျိုးတူခံစားရန်အတွက်
ကြီးစဉ်ငယ်လိုက်ခွဲဝေရယူရေးကို
အာဏာရှင်လုပ်ငန်းရှင်တွေနဲ့
အခြေအတင်စကားတော့ ပြောဆိုကြရပါရဲ့
နားလည်ပေးပါ အဘရယ်
သူတို့ ပြောတဲ့ ထာဝရငြိမ်းချမ်းရေးရဲ့
အဘယ်သောအခါဆိုတဲ့အရာပေါ့။

အို့ အသင် မူလေးချက်ရှင်
ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်ဆိုလို့
ဖိုးခွါးတို့ အမြဲကြိုးစားနေဆဲပါ အဘရယ်
အမြဲတမ်းလိမ်နေကြ ‘ဒင်း’ တို့ ပါးစပ်က
ဖမ်းတော်လား လွတ်တော်လား ဥက္ကဌဆိုသူတောင်
‘ဖယ်ဒရယ်လား’ ရယ်ရွှင်ဖွယ်လား
တစ်ခွန်းတစ်စလေးတော့ ပြောနေပြီး အဘရဲ့
ဒါပေမယ့်
အိမ်ရှင်က ဧည့်သည်ဆီ နေခွင့်ပြန်တောင်းရတဲ့ အဖြစ်က
အခန့်မသင့်ရင် မောင်းထုတ်ပစ်ခံရဦးမှာမို့
ဆက်ဆံရေးရုံးမှာ မှိုရတဲ့မျက်နှာလို ပြုံးကာ
သူကြည်ဖြူပေးလာမဲ့အဖြေကိုသာ မျှော်ကိုးနေရတာက
တိုင်တိုလေးနဲ့သာ လွင့်ထူခွင့်ရနေသေးတဲ့
အားနာစရာကောင်းတဲ့ ကိုယ့်အမျိုးသားအလံနဲ့
အဘရဲ့ မျက်နှာလေးကို မြင်ယောင်ကာ
‘မင်းလားဟဲ့ တော်လှန်ရေးသမား’လို့
ဖိုးခွါးကို စိမ်းစိမ်းကြည့်ပြီး မေးနေသလို ရှက်နေမိပါရဲ့
နားလည်ပေးပါ အဘရယ်
သူတို့ပြောတဲ့ ထာဝရငြိမ်းချမ်းရေးရဲ့
အဘယ်သောအခါဆိုတဲ့အရာပေါ့။

အို့ အသင်မူလေးချက်ရှင်
ကရင့်ကံကြမ္မာ ကရင်ကိုယ်တိုင်ဖန်တီးရမယ်ဆိုလို့
အဘရဲ့ ခန္ဓာကြွေရာ ဇာနည်မြေမှာ
အောင်စည်အောင်မောင်းတီးပြီး အောင်မြေနင်းကာ
နဖူးတွေတိုက် ဒူးတွေတိုက်အောင် ဆွေးနွေးရင်း
ဖိုးခွါးတို့ သွေးချင်းတွေ မစီးစေရေးအတွက်
သွေးရင်းတွေစည်းပြီး နှုတ်စကားတွေ ဆိုနိုင်ခဲ့ကြပါရဲ့
ဒါပေမယ့်
ဒို့ရွှေပြည် မျှော်လေတိုင်းဝေးဦးမဲ့
ညာပလီတို့ရဲ့ ငြိမ်းချမ်းရေး ဇနပုဒ်ဇာတ်မျှောထဲမှာ
အဘယ်လောက်ကြာ သွေးစည်းနိုင်မှာပါ့
အသိမ်းခံရတဲ့ လယ်မြေခြံယာရှင်တွေနဲ့
အိုးအိမ်ပစ်ခွါ စွန့်ပြေးနေရသူတွေအတွက်
အနာဂါတ်မျော်လင့်ချက်ရဲ့ မှေးစက်စက်မှာ
ရေးတေးတေး အိပ်မက်လှလှလေးတွေ မက်နိုင်ခွင့်ရဖို့
ဘိုးဘွားပိုင်နက်သန်မြေ မပျောက်ရေးအတွက်
ဟတ်ကြီးရေကာတာရန်က ကင်းဝေးတဲ့
ဒါတို့ပြေ (ပြည်) ဒါတို့်မြေ ဖြစ်ဖို့ဆိုတာ
သံစဉ်ကြိုးအလျှော့အတင်း မညီညာတဲ့
အဖွဲ့စုံတဲ့ သံစုံတီးဝိုင်းကြားမှာ
ကိုယ့်ကံကြမ္မာနဲ့ ကိုယ်ဖန်တီးကာ
မီးစင်ကြည့်ပြီး ‘က’ နေရတာမို့
နားလည်ပေးပါ အဘရယ်
သူတို့ပြောတဲ့ ထာဝရ ငြိမ်းချမ်းရေးရဲ့
အဘယ်သောအခါဆိုတဲ့အရာပေါ့။

                                                         စအိုင်ခန့် (နှင်းခဲမြေ)
                                                         ဇွန်လ ၂၂၊ ၂၀၁၃ခုနှစ်

February 19, 2013

နှုတ်ခမ်းရာထက် မြတ်သောခြေရာ

နှုတ်ခမ်းရာထက် မြတ်သောခြေရာ

Submitted by on Monday, 14 May 2012 
3 Comments
စအိုင်ခန့် (နှင်းခဲမြေ)
ရွာနီးချုပ်ကမိတ်ဆွေဆီအလည်သွားတာပါလို့
အမေ့ကို မညာဖူးတဲ့ကျနော်
ရွာကနေထွက်လာခဲ့တာ
စစ်သင်တန်းတက်ပြီးခါမှ
သား စစ်ထဲဝင်သွားမှန်းသိခဲ့ရတဲ့အမေ။
ဆင်းရဲဒုက္ခမျိုးစုံတွေနဲ့
ကြမ်းတမ်းတဲ့တော်လှန်ရေးရဲ့လောကဓံကို
ရင်ဆိုင်ရမယ့်သားကို
ကြိုသိနေတဲ့အမေမျက်ဝန်းမှာ
ဆို့နင့်သောက မျက်ရည်စတွေ
ဟန်ဆောင်အပြုံးကြားက ကျခဲ့ပေမယ့်လည်း
သားလုပ်ရပ်ကိုဘာတစ်ခုမှ
အပြစ်မြင်မတားဆီးခဲ့တဲ့အမေ။
မိတ္ဆာတွေရမ်းကားမင်းမူတဲ့ အမေတို့ရွာ
ပိုးစုန်းကြူးလေးတွေကွန့်မြူးတဲ့
လယ်တောစပ် မဟူရာညအမှောင်ထဲက
အမေ့ရဲ့လယ်တဲလေးမှာ
အမေ့ဆီတိတ်တခိုးလေးရောက်လာတဲ့ကျနော့်ကို
သွားလေရာလာလေရာ
အမြဲသတိရှိပါဘုရားတရားမမေ့နဲ့လို့ု့
ကွမ်းသံဗလုံးထွေးနဲ့ပြောခဲ့တဲ့အမေ။
စစ်မြေပြင်မှာဘေးမတွေ့ရအောင်
အသုဘတွေဆီကရတဲ့ပိတ်ဖြူစကို
ရွာဦးကျောင်းက ဆရာတော်ဆီမှာ
အပြေးအလွှားသွားယူလာကာ
ခြေဖဝါးနှစ်ဖက်ကိုဆီနဲ့လိမ်းအိုးမဲနဲ့သုတ်
ပိတ်ဖြူပေါ်မှာခြေရာထင်ကျန်အောင်ပြုလျှက်
အန္တရာယ်ကင်းအဆောင်အဖွဲ့ အဖြစ်
သားကိုဆောင်စေခဲ့တဲ့အမေ။
အနန္တဂိုဏ်းဝင်တဲ့ဂရုနာရှင်
အမေ့ခြေရာတော်အဆောင်အဖွဲ့ အါးကိုးနဲ့
စစ်တိုက်ခဲ့တဲ့အမေ့ရဲ့သားလေး
အောင်ပွဲအလီလီနှစ်တွေလည်းအလီလီ
ကြာညောင်းခဲ့ပြီးအမေရယ်။
သားတို့ရဲ့အမျိုးသားတော်လှန်ရေး
အနှစ်ခြောက်ဆယ်ကျော်
ကာလအစိတ်အပိုင်းတစ်ခုထဲမှာ
အမေရဲ့သြဝါဒအမေရဲ့ခြေရာတွေနဲ့
သားရဲ့ဘဝအစိတ်အပိုင်းတစ်ခုကို
သားပြည်သူအတွက်ပေးဆပ်ခွင့်ရတာ
အတိုင်းအတာတစ်ခုအထိ
သားကျေနပ်ပါတယ်အမေရယ်။
သားရဲ့လွတ်မြောက်ခြင်းတိုက်ပွဲရဲ့အောင်ပွဲတိုင်းဟာ
သားတို့ပြည်သူတွေကျရောက်နေတဲ့
စစ်မိတ္ဆာစနှစ်ဆိုးရဲ့လောင်းရိပ်အောက်က
ငရဲခန်းရဲ့တံခါးတွေကိုရိုက်ချိုးခဲ့တာပါအမေရယ်။
အဲဒီတိုက်ပွဲရဲ့အောင်ပွဲတွေကို
အမေရဲ့ခြေရာကဖြစ်စေခဲ့တဲ့
မဟာခွန်အားသတ္တိတွေနဲ့
သားတိုက်ခဲ့တာပါအမေရယ်။
ဒီအချိန်မှာ အမေ့ခြေရာတော်ဟာ
ဘယ်လောက်တန်းဘိုးရှိလဲလို့
တစ်စုံတစ်ဦးကမေးလာခဲ့ရင်အမေရယ်
ဂျပန်ပြည်ကို အလည်သွားခဲ့တဲ့
ကမ္ဘာကျော်မင်းသမီး လေဒီကာကာရဲ့
လက်ဖက်ရည်ကြမ်းပန်းကန်လုံးပေါ်က
ဒေါ်လာခုနှစ်သောင်းတန် နှုတ်ခမ်းတော်ရာထက်
အမေ့ခြေရာတွေက သားဘဝနဲ့ သားပြည်သူတွေအတွက်
တန်ဘိုးကြီးမြတ်ပါတယ်အမေရယ်။
                                         စအိုင်ခန့် (နှင်းခဲမြေ)
     May 13 2012 နေ့တွင်ကျရောက်သော အမေများနေ့သို့ ဂုဏ်ပြုအပ်ပါသည်

တောင်းတတဲ့ သူးလေအာသာဝတီပန်း

တောင်းတတဲ့ သူးလေ အာသာဝတီနတ်ပန်း (ကဗျာ)

Submitted by on Monday, 8 October 2012 
5 Comments
စ’ အိုင်ခန့် (နှင်းခဲမြေ)

အင်ဂျင်အဟောင်းတွေနဲ့ မွမ်းမံခုတ်မောင်းနေတဲ့
အနှေးရထားပေါ်က ဖယ်ဒရယ်ခရီးသွားတစ်စု
ဒီမိုကရေစီရဲ့ ကွဲလွဲခြင်းအလံနီကိုဝှေ့ယမ်းလျှက်
လွတ်လပ်စွာကွဲလွဲနေကြပါလေရဲ့။
လွတ်လပ်တဲ့ကမ္ဘာတစ်ဖက်ခြမ်းမှာတော့
အမျိုးမတူသူတွေ အယူမတူသူတွေပေါင်းကာစုပြီး
သူတို့တိုင်းပြည်ကို ကောင်းအောင်ပြုကြတယ်
ဆီလျှော်မှုမဲ့ အပွင့်တူအရောင်ကွဲ ကွဲလွဲချင်နေကြတဲ့
သူးလေပန်းပွင့်လေးတွေမှာတော့
တစ်ပွင့်ပြီးတစ်ပွင့်ထပ်ခါထပ်ခါအခြွေခံရလို့
ရိုးတံဖြိုင်းဖြိုင်းနဲ့သာ ကျန်နေတာတောင်မှ
စည်းလုံးမှုအရေးထက် ဆက်ဆံရေးရုံးက
ဒို့လူမျိုးရေးအတွက် ပိုအရေးကြီးနေသလိုလုပ်နေကြလေရဲ့
ပါတီစွဲ၊ တပ်အစွဲ၊ ပုဂ္ဂိုလ်စွဲတွေနဲ့ အာဏာတွေ ပါဝါတွေပြိုင်ရမဲ့အချိန်မဟုတ်
အလုံးစုံပျက်သုဉ်းစေမဲ့ခရီးထဲ ဦးတည်နေကြလေရော့သလားကွယ်။
ကျားငစဉ်းလဲအိုကြီးရဲ့ အာခံတွင်းထဲမှာ
သစ်သီးပေါများတဲ့ဥယာဉ်ကိုယုံစားမိတဲ့ ချေ(ဂျီ)သူငယ်လို
တစ်ကောင်ပြီးတစ်ကောင် ကျားစာဖြစ်သွားတာတောင်
ပျဉ်ဖိုးနားမလည်နိုင်ကြသေးတာလား
ညီညွတ်မှုကိုလိုချင်ပါတယ် ညီညွတ်ကြပါလို့ လည်း
သူတို့ နှုတ်ဖြားက မြွက်ကြားတတ်သေးသကွဲ့။
အမှားသိမှ အမှန်နားလည်
အမှန်သိမှ အမှားနားလည်နိုင်မယ့်
ဒွန်တွဲနေတဲ့နိယာမ တရားကိုဘေးဖယ်ပြီး
သင်တို့ တွေအားလုံး မှန်သူတွေလို့  ကိုယ့်ကိုယ်ကိုယူဆနေကြရင်
မြေစာအဖြစ်ခံနေရတဲ့ ဒို့ ပြည်သူများမှာတော့
ဒုက္ခရောက်လို့ ဗိုက်မှောက်ကာ
တိုင်းမဲ့ ပြည်မဲ့ နေစရာမဲ့နဲ့ ဘုံပျောက်လို့ အသက်ငင်နေကြတာ
ဆယ်စုနှစ်တွေလည်းကြာခဲ့ပါပြီး။
အသွင်မတူသူတွေ စုကာနေတဲ့ကမ္ဘာအရပ်ရပ်နဲ့ 
ကော်သူးလေမှမျိုးချစ်တော်လှန်ရေးသမားဆိုသူတို့ရေ
မသင့်မမြတ်တဲ့ အကွဲအရှုပ်တွေကြားက
မွှေးရနံ့ သင်းပျံ့တဲ့ စည်းလုံးညီညွတ်ရေးပန်းမာလာ
အာသာဝတီ သူးလေ နတ်ပန်းလေးတစ်ပွင့်
မျှော်လင့်နေတဲ့ ဒို့ ပြည်သူတွေအတွက်
အားနာစွာနဲ့ပွင့်တန်ကောင်းပါရဲ့နော်။

                                                                   စ’ အိုင်ခန့် (နှင်းခဲမြေ)

ကျီးယောင်ဆောင်တဲ့ ဒေါင်း

ကျီးယောင်ဆောင်တဲ့ ဒေါင်း

 လေနီကြမ်းသင့် နှစ်ဟောင်းနှင်းတစ်စက်
 နှစ်သစ်လေပြေအဝှေ့မှာ လွန့်လူးကာကြွေပျက်
 တော်လှန်သူတို့ရဲ့ နှစ်ဟောင်းပြက္ခဒိန်တစ်ချပ်
စုတ်ပြတ်ကာ ထောင့်နံရံမှာကပ်
 နှစ်တွေလည်း တနှစ်ပြီးတနှစ်ဆန်းလို့
 ငွေလမင်းကြီးလည်း အလီလီလန်းခဲ့ပြီး
ဆန်ဖွတ်သည့်အဖိုးအိုနဲ့ ၀ပ်နေတဲ့ ယုန်ကလေးကို ငါလေ ရှာဖွေနေမိ။
 မျှော်လင့်ခြင်း ရောင်ခြည်ရဲ့ အရုဏ်ဦး
 နိုးတ၀က် အိပ်မက်သန်းခေါင်ယံမှာပင် အဖျားရှူးခဲ့
 ပြက္ခဒိန်ဟောင်းထဲက သင်တို့ ရွေးချယ်ခဲ့တဲ့ ပြုပြင်သင့်တဲ့
  ပြဿဒါးနေ့ရက်တွေအတွက်
မှတ်တမ်းများနဲ့ ငါတို့ရင်မှာ ကျန်ရစ်ရှင်သန်နေဆဲ
ရိုးသားဖြောင့်မတ်မှုကို အခြေမတည်တဲ့ ဒီမိုကရေစီ
အရည်အချင်းထက် အရေအတွက်တွေက မင်းမူပြီ
ဂရိတို့ရဲ့ ဒီမိုကရတ်တိုး ပုလင်းတူဘူးဆို့ ဗျူရိုကရေစီဖြစ်ခဲ့ရ။
စစ်မီးဝိုင်းမှုတ်သတ်မဲ့ နှုတ်ခမ်းပဲ့ချင်း တူသူတစ်စု
 မသာတစ်ခုကို အရင်းပြုပြီး ဗူးသီးနုနုခူးချင်သူတွေလည်းပါ ပါရဲ့
ထာဝရငြိမ်းချမ်းရေးအတွက် ပုတီးတစ်ဖက် ဓါးတစ်ဖက်နဲ့
လူတော့အသေမခံ သမိုင်းပဲ အသေခံတဲ့လူတစ်ခု
အမျိုးသားပြက္ခဒိန်ထဲက ရက်ရာဇာတွေကို ဖြိုဖျက်
 ဒေါင်းကိုယ် ကျီးတောင် ဆင်မြန်းလျှက်
အ, အ, အိုးဝေနဲ့ ဒို့တိုင်းပြည်တခွင် မြည်တွန်နေကြသကွဲ့။
 ဒေါင်းဖြစ်လျှက် ကျီးယောင်ဆောင်တဲ့ ဒေါင်း
ကျီးတောင်ကိုကျွတ် ဒေါင်းတောင်ကိုလည်း ချွတ်
အမျိုးသားအောင်ပွဲဆီသို့ အရောက်လှမ်းဆွတ်ဘို့
 ခြ” စားသွားတဲ့ တော်လှန်ရေးသက္ကရာဇ် နှစ်ဆန်းရက်တွေအတွက် 
ဒို့တတွေ ဘယ်လိုသမိုင်းရေးကြမလဲ ……?
စအိုင်ခန့် (နှင်းခဲမြေ) 
ကရင်သက္ကရာဇ် ၂၇၅၂ ခုနှစ်မြောက်၊ ကရင်နှစ်သစ်ကူးနေ့ အမှတ်တရ 

သင်ပုန်းအသစ်နဲ့ လူ

                     

                            သင်ပုန်းအသစ်နဲ့ လူ (ကဗျာ)

                        Submitted by on Wednesday, 
                        26 December 2012      6 Comments


 တော်လှန်ရေးခေတ်ဦးက တို့ခေါင်းဆောင်တွေ
 မြန်မာသင်ပုန်းကြီးထဲက 
“င”အက္ခရာနဲ့ တွဲဖတ်နိုင်တဲ့ “သရ”တွေကို 
အနှီလူတစ်သိုက်ကို သင်ပြဘို့ 
ရန်ကုန်သွားခဲ့ကြတယ်။ 
မဟာဝါဒ အမှောင်ကြားကလူတစ်စု 
ဆွံ့အ နားမကြားလို့ မသင်ပြနိုင်ခဲ့ 
ဒါပေမယ့် 
ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိနေမြဲ။ 
 တော်လှန်ရေးခေတ်လယ်က တို့ခေါင်းဆောင်တွေ 
 သင်ပြလို့ မရခဲ့တဲ့ မြန်မာသင်ပုန်းကြီးထဲက
 “င”အက္ခရာနဲ့ တွဲဖတ်နိုင်တဲ့ “သရ”ကို ဆက်သင်ပြဘို့ 
အနှီလူတစ်သိုက်ဆီ ဆက်သွားခဲ့ကြပြန်တယ်။ 
ဆွံ့အ နားမကြားတဲ့ ထိုလူတစ်သိုက်
 စောင်းကြိုးသားကုန် မောင်ပုံ စောင်းမတတ်ခဲ့ 
ဒါပေမယ့် 
ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိနေဆဲ။ 
 တော်လှန်ရေးခေတ်နှောင်း တို့ခေါင်းဆောင်တစ်စု
 ခေတ်အဆက်ဆက် သင်ပြခဲ့တာနဲ့ ဆန့်ကျင်လျက် 
“င”အက္ခရာနဲ့ တွဲဖတ်နိုင်တဲ့ “သရ”တွေကို သင်ယူဘို့ 
ဆွံ့အ နားမကြားသူတွေဆီကနေ တပည့်ခံလာခဲ့ရတော့ 
သင်ပုန်းတစ်ချပ်လည်း ကြေလို့ချေခဲ့လိုက်ရ 
ဒါပေမယ့် 
ကရင့်လက်နက်တွေ ကရင့်လက်ထဲမှာ တုတ်ချောင်းတွေ ဖြစ်ခဲ့ရတယ်။ 
သင်ပုန်းအဟောင်းချေခဲ့တဲ့ 
သင်ပုန်းအသစ်နဲ့လူရေ နောက်ထပ် သင်ပုန်းဘယ်နှစ်ချပ် ထပ်ချေရဦးမှာလဲ။ 

  စ’အိုင်ခန့် (နှင်းခဲမြေ)
 ဒီဇင်ဘာ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ 

February 1, 2013

သင်ဘာဆက်လုပ်မလဲ?
       
   
 ကရင်ဆိုတာ - - - - - - -
ကမ္ဘာတစ်ခွင်မှာထင်းရှားတဲ့အမှတ်သညှာမရှိပေမဲ့
 ကမ္ဘာ့ရာဇ၀င်မှာ- - - - - -
စံတင်လောက်တဲ့မှတ်တမ်းတွေရှိခဲ့တယ်
မြန်မာမှာထင်ရှားတဲ့ခေါင်းဆောင်တွေရှိခဲ့ညားလည်း
ရိုးသားလို့မတိုးပွါးတာလား
မကြိုးစားလို့အောင်ပွဲမဆင်နိုင်တာလား
အမြင်မကျယ်လို့အယုံလွယ်တာလား
ဒါပေမဲ့..... ဒါပေမဲ့.......ဒါပေမယ့်.....

ရက်စက်သူမဟာဝါဒီတွေနဲ့
ကောက်ကျစ်သူ မဟာဝါဒတွေကြောင့်
ဝမ်းလျားမှောက်ပြီး အငတ်ရောက်နေသူတွေလဲရှိသလို
လွတ်လပ်မှုအတွက်ရှာဖွေရင်းထောင်နန်းစံသူတွေလည်းရှိခဲ့။
ငြိမ်းချမ်းခြင်းကိုမြတ်နိုးရဲ့နဲ့ စစ်တိုက်နေရသူတွေလဲရှိသလို
အမှန်တရားကိုဆုတ်ကိုင်ထားပါရဲ့နဲ့
ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေလဲမရေတွက်နိုင်ခဲ့
အိမ်ယာပျောက်ပြီး ခိုကိုးရာမဲ့နေသူတွေလဲရှိသလို
အိမ်ကောင်းဆောက်ပြီး အိတ်ဖေါင်းတဲ့ကရင်တွေလဲရှိပါရဲ့။
ဒါပေမဲ့.... ဒါပေမဲ့....ဒါပေမယ့်....

မဟာဗမာအာဏာရှင်အောက်
ကျွန်သားပေါက်မဖြစ်ဘို့အရေး
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာလား
အိုးမဲသုတ်ပြီးပေးခွပ်တာလား
ဒါတွေဟာစစ်ရေးမှာ တွေငေးရမယ့်အရာမဟုတ်။

အမျိုးမတူရင် ရန်သူဆိုတဲ့ခေတ်မဟုတ်တော့သလို
အမျိုးတူလဲ မူမတူရင် ရန်သူဘဲဆိုတာမေ့မထားသင့်
ဆွမ်းဆန်ထဲကကြွက်ချေးတွေအတွက် ငဲ့ရမယ့်အချိန်မဟုတ်။
တွေဝေမနေနဲ့ ငေးမောမနေနဲ့
မဟာဝါဒီတွေကသင့်အတွက်ရွေးချယ်မှုပေးပြီးသားပဲ
မမှတ်မိရင်ထပ်ပြောပေးမယ်
ကရင်ပြည်ကိုလိုချင်ရင် တိုက်ယူတဲ့
ကဲ ...သင်ဘာဆက်လုပ်မလဲ?

                        စ ,အိုင်ခန့်(နှင်းခဲမြေ)  11/11/11

January 14, 2013

နာရီအိုရဲ့ သွေးသစ်သံပတ်


ဆယ်စုနှစ်တွေ ချီကာလှမ်းလည်း
ငါ့ရဲ့ပန်းတိုင် မှုံကာဝေးဆဲ

နွမ်းလျလျသမိုင်းထဲက
မန်းဘဇန် ကြီး ဘဝင်မကျတာ
ဟံသာတာမွှေးလည်းသိသလို
ဗိုလ်ချုပ်စိုင်းကေလည်းသိပါရဲ့
ငါ့သတ္တိသွေးဘယ်လောက်ရဲလဲဆိုတာ

နောင်လာနောင်သားသိသူရှားလည်း
ခုနှစ်မိုင်အစိုးရ လှန့်ဖြန့်ခဲ့တာ

အင်းစိန်မြို့ ကြီးသိပါရဲ့
 ရှည်လျားတဲ့ ရာသီဒိုင်ခွက်ထဲက
မမှိတ်မသုန်ကြွေလွင့်ပျက်ဆီးခဲ့တဲ့
မိနှစ်တံနဲ့စက္ကန့်တံတွေအတွက်
သမိုင်းမတင်မှတ်တမ်းမဝင်ပေမဲ့
လွတ်လပ်မှုနဲ့မျှော်လင့်ချက်ရဲ့
ဂန္တဝင်ရက်များစွာကို အသက်ဆက်

တော်လှန်သောသွေးသစ်များစွာကို
လက်ဆင့်ကမ်းဆောင်ကြဉ်းမွေးဖွါးခဲ့
                        နာရီအိုကြီးတစ်လုံးလို
ဟောင်းနွမ်းနွမ်းသံချေးတက်လက်တံတွေနဲ့
တကြုတ်ကြုတ်မြည်သံပါအောင်လည်ပတ်ရင်း
သွေးသစ်သံပတ်တွေနဲ့ စွမ်းသစ်နေဆဲဘဲဆိုတာ
ငါ့ရဲ့မရပ်မနားလည်ပတ်နိုင်ခြင်းက
မုချပန်းတိုင်တစ်နေ့မလွဲမသွေရောက်နိုင်ခြင်းရဲ့
အကောင်းဆုံးသက်သေတွေပေါ့။


                                                 စအိုင်ခန့် (နှင်းခဲမြေ) 

လာမည့်ဇူလိုင်လ( ၁၆)ရက်နေ့တွင်
ကျရောက်သောကရင်အမျိုးသားကာကွယ်ရေးတပ်မတော်နေ့
ထူးမြတ်နှင့်အတူ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘောယူဖေါ နှင့် ဗိုလ်ချုပ်ကျော်သောင်း 
KNDOတပ်ရင်း(၆)မှဒုဗိုလ်မှူးကြီး ဖူးထောဂေ (ကွယ်လွန်)တို့အားနှင့် ကျဆုံးလေပြီးသောKNDOအရာရှိအရာခံအကြပ်တပ်သားအာဇာနည်အပေါင်းတို့အား
ဤကဗျာလေးဖြင့်ဂုဏ်ပြုအပ်ပါသည်။

အဆိပ်မဲ့ အရိပ်သစ်ပင်






  
                                 အဆိပ်မဲ့အရိပ်သစ်ပင်

အို-----အသင်သစ်ပင်
သင်ဟာ တို့တမျိုးသားလုံးအတွက် နားခိုရာ မရှိမဖြစ်တဲ့ အရိပ်သစ်ပင်
အသင်ရဲ့ သက်တမ်းကား အိုမင်းရင့်ရော်ကာ ဆယ်စုနှစ် ခြောက်ခုပြည့်မြောက်ပြီးဖြစ်လဲ
သင်ရဲ့ရွက်ဟောင်းများ ကြွေကျမြေခကြလဲ
မပြိုမလဲ ထီးထီးမားမားရပ်တည်နိုင်ဆဲ၊
ခြ စားနေတဲ့ ပင်စည်နဲ့ သင်ရဲ့ရေသောက်မြစ်တချို့ကြောင့် အသင်မစိမ်းလန်းနိုင်ခဲ့ပေမယ့်
ကျိုးတိုးကျဲတဲ သင့်အရွက်တွေနဲ့ တို့တတွေ အရိပ်ခိုနားခွင့်ရခဲ့
အနာဂတ်မျှော်လင့်ချက်တွေ ရှင်သန်နိုင်ခဲ့။
ကိုယ့်ကိုယ်ကို သစ်သားမှန်းမသိတဲ့
သစ် သစ်ချင်းခုတ်တဲ့ ဇါတ်တူပုဆိန်ရိုးတွေကြောင့် အသင်ဟာ အင်အားချိနဲ့ခဲ့ရ
သင့်အကိုင်းအခက်တချို့အား မက်လုံးပေးပြီး
ခုတ်ဖြတ်သွားတဲ့ ကိုင်းဆက်သမားတွေကြောင့်
သင်ဟာ ရွက်နုတွေ မဝေဆာနိုင်ခဲ့
အသင့်အား သစ္စာဖေါက်ပြားပစ်ခွါသွားပြီး
လွင့်စင်သွားတဲ့သင့်ရဲ့မျိုးစေ့တို့သည်လည်း
မဟာမျိုးခြားပင်ရဲ့လောင်းရိပ်အောက်မှာ
အညှောင့်အစို့လေးတောင် မထောင်ထွက်နိုင်
လုံးပါးပါးကာ ကိုယ့်အရိပ်ကိုယ်လန့်နေကြရ
တေမိမင်းဝင်စားတဲ့ င အ တွေလို ဆွံ့အနေကြ။
သို့သော်----သင်ဟာ ထိုဒဏ်အပေါင်း ခညောင်းရောက်ရှိလဲ ဂရုမမ
လွတ်လပ်ခြင်းလမ်းကို လမ်းပြဆောင်သူ
အနာဂတ်မျိုးဆက်ရှင်သန်ရန်အရေး
လိုအပ်တဲ့အရိပ်ကောင်း သစ်တပင်အတွက်
အဆိပ်မဲ့တဲ့ လောင်းရိပ်တခု ဖန်တီးနိုင်ဖို့
အသင်ထာဝရ ရှင်သန်နေရဦးမယ်
အို---အသင်သစ်ပင်
                                   စ,အိုင်ခန့် (နှင်းခဲမြေ)

မြယာတောသခင်သို့ တိုင်တည်ခြင်း

မြယာတောသခင်သို့ တိုင်တည်ခြင်း
စ,အိုင်ခန့် (နှင်းခဲမြေ)
(၁၈-၁၀-၂၀၁၁)

အို...အရှင်မြယာတောသခင်
သင်၏လွတ်မြောက်ရေးတိုက်ပွဲခရီးဟာ
ဖုန်းဆိုးမြေ မြယာတောထဲက
ဇနပုဒ်တဲစုတ်နံဘေးမှာ
အဆုံးသတ် မြေခခဲ့ရတယ်။

ဒါပေမယ့်
ငါတို့အတွက် ဘယ်တော့မှသွေဖည်လို့မရတဲ့
တော်လှန်သော မျိုးဆက်တို့အတွက်
သီအိုရီ မူလေးချက်ကို
အသင် ချန်ထားပေးခဲ့တယ်။

အို...အရှင်မြယာတောသခင်
သင်နှင့်အတူ စခဲ့တဲ့
တော်လှန်ရေးဖခင်ကြီးများလည်း
တစ်ချို့  သင်နှင့်အတူ
သြဂုတ်မှာပွင့်တဲ့ ပန်းနီနီလေးတွေအဖြစ်
အာဇာနည်ဘွဲ့  နှင်းအပ်ခြင်းခံရ
ဒို့တစ်တွေ ဦးညွှတ်အလေးပြုခြင်း ခံရပေမယ့်လည်း

အို...အရှင်မြယာတောသခင်
တစ်ချို့  သင်နှင့်သွေဖည်စွာ
လှည့်ဖြားသူတို့ရဲ့ မက်လုံးကြားမှာသာယာရင်း
မမှိတ်မသုန်နဲ့ နိဂုံးချုပ် အဆုံးသတ်ခဲ့ကြရ
တစ်ချို့  သာယာနေဆဲ၊ နားယောင်နေဆဲပါ

အို...အရှင်မြယာတောသခင်
တစ်ချို့  သင်နှင့်ထပ်တူစွာ
သင်၏မူအား ဆုပ်ကိုင်ရင်း
သင်္ခါရတရားရဲ့ လောင်းရိပ်အောက်မှာ
အိုမင်းရင့်ရော်ခြင်းနှင့်အတူ
လောကဓံအောက် ကြွေကျ
တာဝန်တွေကျေပြွန်စွာ
ကျောခိုင်းနှုတ်ဆက်သွားကြရ

ဒါပေမယ့်
အို...အရှင်မြယာတောသခင်
သင်၏ အမျိုးသားလွတ်မြောက်ရေး ခရီးစဉ်မှာ
သင်၏ မျှော်လင့်ချက်ပန်းတိုင်အတွက်
ဒို့အသွေးအသားမှာ စီးဝင်တဲ့ သင်၏ဝိညာဉ်တွေနဲ့
သင်ချန်ထားခဲ့တဲ့ ရေသောက်မြစ် မူလေးချက်နဲ့အတူ
သင့်ရဲ့ အကိုင်းအခက်အရွက်တွေဟာ
ရွက်သစ်တွေနဲ့ နုပျိုဆဲ၊ ပွင့်ဝေဆဲ၊ တွန်းလှန်နေဆဲပါ
သင်မျှော်မှန်းခဲ့တဲ့ လွတ်မြောက်ရေး ပန်းတိုင်ဆီကိုပေါ့။ 

စ,အိုင်ခန့် (နှင်းခဲမြေ)

တော်လှန်နေဆဲနှင့် ကျဆုံး/ကွယ်လွန်သွားသော တော်လှန်ရေး အရာရှိ အကြပ် တပ်သားအပေါင်းအား ဂုဏ်ပြုအပ်ပါသည်။

ပျဉ်းမငုတ်တိုရဲ့ မိုးမခငုတ်တို


ပျဉ်းမငုတ်တိုရဲ့ မိုးမခငုတ်တို
စ’အိုင်ခန့် (နှင်းခဲမြေ)

“အယူ” ဆိုတဲ့တောင်စွယ်တောင်တန်းကြားက
မြစ်ဖျားခံစီးဆင်းတဲ့ အတ္တရေနီကြမ်းတစ်ချို့ကြောင့်
အနယ်အနှစ်တွေနဲ့ ကိုးသွယ်နဒီရဲ့ရေကြည်
လှိုင်းဂယက်ထ နှောက်ကျိသွားခဲ့တာ
မင်းသိပါတယ် သူငယ်ချင်း။

နှောက်ကျိနေတဲ့ ကိုးသွယ်နဒီမြစ်ရေကို
ခြေဆေးခဲ့ကြသည့်တိုင် မကျေနပ်နိုင်တဲ့ မဟာတစ်သိုက်
တို့ရဲ့သွေးနဲ့ ငါတို့ရဲ့မြေကို စွေးစွေးနီအောင်အရောင်ချယ်နေကြတာ
မင်းသိပါတယ် သူငယ်ချင်း။

သံလွင်သောင်ရင်းဆုံရာ မိုးမခရိပ်မြုံ ဒို့မြစ်ဆုံမှာ
ငါတို့ညီအကိုချင်း ချစ်ခြင်းမဲ့စစ်ခင်းလျှက်
အမုန်းဖွဲ့ပြီး ခွဲခွာခဲ့ကြရတာ
ပျဉ်းမငုတ်တို ဇာတ်လမ်းတစ်ပုဒ်မဟုတ်တဲ့
မိုးမခငုတ်တို ဇာတ်ကြမ်းတစ်ပုဒ်ဆိုတာ
မင်းသိပါတယ် သူငယ်ချင်း။

သုံးရောင်ချယ် ကိုးနဒီသွယ်တဲ့
ဖားစည်ပုံပါ အလံတော်အောက်မှာ
နောင်မမုန်းကြေး ဖွဲ့စုံနေထိုင်နိုင်ရေးမူတွေချ
အပြောနဲ့လုပ်ရပ် လက်တွေ့ကျတာ မကျတာထက်
ဒါတွေဟာ ယုံတမ်းစကားသက်သက် မဟုတ်ဘူးဆိုတာ
မင်းသိပါတယ် သူငယ်ချင်း။

ဥပက္ခာဆိုတဲ့ လမ်းကျဉ်းကလေးထဲ
မခို့တယို့ ဟန်ဆောင်မှုတွေနဲ့
ပြာဖုံးနေတဲ့ မင်းရဲ့ဝံဿာနုအကြွင်းကျန်စတွေနဲ့
စည်းလုံးညီညွှတ်ခြင်းဆိုတဲ့
ဝေါဟာရရဲ့ အနက်အဓိပ္ပါယ်ကိုဖွေရှာရင်း
သွေးစက်ပြွန်းတဲ့ ဖုန်းဆိုးမြေမှ
အလင်းမဲ့ကြယ်စင်လေးတွေ လင်းလဲ့တောက်ပစေဘို့
နှင်းပွင့်လေးတွေခင်းတဲ့ မနက်ဖြန်ရဲ့ခရီးလမ်းမှာ
ဒို့တတွေအတူတူ လျှောက်လှမ်းရဦးမယ်ဆိုတာပါပဲ။

လမ်းဆုံးတဲ့ခါ ရောက်မဲ့ရွာ

စ’အိုင်ခန့် (နှင်းခဲမြေ)

ဟိုး တစ်ချိန်တုန်းက
“ချီဖွေ” တောင်တန်းတွေကြားမှာ
နှင်းခိုးတွေ တဝေေ၀နဲ့ ပန်းစုံရနံ့တွေ သင်းပျံ့လှိုင်ခဲ့တုန်းက
ရောင်စုံလိပ်ပြာလေးတွေ ပျံဝဲခဲ့ကြသလို
“ဒေါန” တောင်တန်းတွေကြားမှာတော့
မီးခိုးတွေ တဝေေ၀ကြားက ယမ်းညှော်စော်နံ့တွေ
သွေးညှီစော်နံ့တွေနဲ့ သင်းပျံ့ကာလှိုင်လျက်
အရောင်မည်းမည်း တိုက်လေယာဉ်တွေလည်း ပျံဝဲလို့ပေါ့။

ဟိုး တစ်ချိန်တုန်းက
“ချီဖွေ”တောင်တန်းတွေကြားမှာ
ငြိမ်းချမ်းရေးသံစဉ်တေးတွေ လွင့်ပျံ့ကာသီကြူးလို့
တောင်ယာခင်းတွေကို တပျော်တပါး ရိတ်သိမ်းကြချိန်မှာ
“ဒေါန”တောင်တန်းတွေကြားမှာတော့
“ဗုံးသံ” အမြောက်သံတွေနဲ့ ညည်းတွားသံတွေ ဆူညံလျက်
တေးဆိုသံဆိတ်ကာ ပြာပုံအတိနဲ့ ရွာခြေပျက်
တောင်ယာခင်းတွေလည်း ရိတ်သိမ်းသူမဲ့ခဲ့ပေါ့။

ဟိုး တစ်ချိန်တုန်းက
“ချီဖွေသူဇာ” လှပျိုကညာတွေ ပလိုင်းလေးလွယ်ပြီး
တေးသံညည်းကာ အေးချမ်းစွာ “တို့စရာ”ရှာခူးနိုင်ချိန်မှာ
ဒေါနသခင် “သင်တိုင်းဖြူရှင်” ပလိုင်းကိုငင် မျှစ်ချိုးဖို့သွားတာ
သွေးစတွေနဲ့ ပေကျံစုတ်ပြဲနေတဲ့ သင်တိုင်းဖြူ ၀ါးရုံပေါ်ချိတ်လျက်
မျှော်နေသူ မိခင်အိုထံ ဘယ်တော့မှ ပြန်ရောက်မလာခဲ့တော့။

ဟိုး တစ်ချိန်တုန်းက
ဆန့်ကျင်ဖက် စံစားမှုနဲ့ ခါးစည်းမှုတွေကို ရင်ဝယ်ပိုက်
စည်းလုံးမှု အားနည်းတဲ့ ကိုယ်လွတ်ရုန်းနိုင်ငံရေးရဲ့ အကျိုးဆက်
“ဒေါန”က ချီဖွေဖြစ်လိုက် “ချီဖွေ”က ဒေါနပြန်ဖြစ်လိုက်နဲ့
ကိုလိုနီစရိုက် အသွင်းခံလိုက်ရတဲ့ ဘ၀တူချင်း ဖြစ်သွားတာကလွဲလို့
ဘယ်သူမှ လွတ်မြောက်မှုကို မစွမ်းဆောင်နိုင်ခဲ့
ဖြေသိမ့်စရာ သင်ခန်းစာနဲ့ နောင်တတွေပဲ ရခဲ့တယ်။

မတည်တဲ့ ကတိတွေကို
ထပ်ခါတလဲလဲပေးတတ်တဲ့ ပလီပလာ မာယာရှင်လူတစ်စုဆီက
ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့လမ်းခရီးမှာ
ထောင်ချောက်ပြွမ်းတဲ့ မှောင်မဲမဲခရီးကြမ်းရှည်ထဲ
ယိုင်နဲ့နဲ့ မင်းရဲ့ချိုင်းထောက်လေးတွေနဲ့
စိတ်ချလက်ချ လိုက်ဘို့ဖြစ်နိုင်ပါ့မလား။

ကြားရရုံနဲ့ ကျောချမ်းတဲ့
ခေတ်တစ်ကျော့ပြန် သေမင်းတမန် ရထားလမ်းတဲ့
ဂျပန်ခေတ်က ချွေးတပ်စခန်းကို မြင်ယောင်မိ
ဒေသဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ဖိ
မဟာတို့ရဲ့ မြေလှန်စနစ် စီမံကိန်း တကယ်အရှိမှာ
သေမင်းတမန်လက်ထဲ ဘယ်သူတွေကို ထပ်ထည့်ဦးမှာလဲ။

ဧည့်သည်က အိမ်ရှင်လုပ်
တောင်းဆိုသလိုနဲ့ မောင်းထုတ်တဲ့ပွဲမှာ
ရှမ်းပြည်မှ သွေးချင်းတို့ နှစ်စခန်းတောင် တပ်ဆုတ်ပေးနေရတော့
ငြိမ်းချမ်းရေးဆိုတာ အလျှော့ပေးရတဲ့ အရှုံးပေးဆုတ်ခွါရေးတွေလား။
ငါတို့ကရင်ပြည်သူတွေအတွက် ငြိမ်းချမ်းရေးဆိုတာထက်
မှတ်ပုံတင်အစစ်လေးတောင် ရဘို့သေချာမတွက်နိုင်ခဲ့။

“စော”အရှေ့မှာ “မောင်”ဖုံးတဲ့
နိုင်ငံသားကတုံးထိပ်ကွက်မဲ့ပွဲမို့
“ဗမာ”နဲ့ “မြန်မာ” ဝေါဟာရ အရှုတ်တော်နှစ်လုံးကြား
ဗမာပဲဖြစ်လာ၊ မြန်မာပဲဖြစ်လာ ကရင်ဖြစ်လာနိုင်မတဲ့လား။
အွန်လိုင်းထဲက မန်းထက်ခေါင်ရဲ့ ဆောင်းပါးတစ်ပုဒ်
ခေါင်းစဉ်လေးက ရိုးရိုးပါ
“လမ်းဆုံးတဲ့အခါ ရောက်မဲ့ရွာ”တဲ့
အရင်းအနှီး တန်ဘိုးကြီးစွာနဲ့ ပေးဆပ်ခဲ့ရ
လျှောက်လှမ်းခဲ့ ဆယ်စုနှစ်ခြောက်ခုကျော်ခရီး
ယာယီမှတ်ပုံတင်လေးကိုင်ပြီး ခရီးဆုံးလို့ရောက်မဲ့ရွာ
ရွာခြေပျက် ကရင်တွေမဲ့တဲ့ “ပြတိုက်”မဖြစ်စေနဲ့။
စ’အိုင်ခန့် (နှင်းခဲမြေ)
(ဇူလိုင် ၇ရက်၊ ၂၀၁၂)

ရည်ညွန်းနာမ်စား
ချီဖွေ = ကချင်ပြည်နယ် စစ်မြေပြင်ပန်းဝါဒေသ ချီဖွေနယ်မှ တောင်တန်းအမည်
ဒေါန = ကရင်ပြည်နယ်မှ တောင်တန်းအမည်

နဒီရှိုက်သံ

 
နဒီရှိုက်သံ
Submitted by on Tuesday, 7 August 2012--
စ’ အိုင်ခန့် (နှင်းခဲမြေ)
ပြယုဂ်ဝါခေါင် မိုးသည်းအုံ့မှောင်
သော်တာပုန်းလျှိုး ကြယ်စင်မနိုး
ညို့မှိုင်းဝဠာဖျား တောင်သေလာကြား
နဂါးအလား ကွေ့ဝှိုက်ကာတွား
မြစ်မင်းအရှင် ……
အို သံလွင်။
မင်းရဲ့စီးမာန် ကမ်းပါးခတ်သံ
အရင်မတူ ထူးခြားတမူ
အဆန်မဲ့ အစုန်ရခက်ခက်
ရေစီးကြောင်း အသစ်စက်စက်မှာ
အယုံလွယ်တဲ့ ရင်ဝယ်သားတွက်
သည်းသံသဲ့သဲ့ ရှိုက်သံယဲ့ယဲ့နဲ့
ငိုနေရော့သလား နဒီသခင်။

မြစ်မင်းအရှင် အို ...... သံလွင်။
အစဉ်လမြတ် ဝါခေါင်လမှာ
“ပလူးလာ” “ပလူးလာ” ကြိမ်ဖန်များစွာ
သတိအမြဲ သင်ဆိုခဲ့လည်း
လှည့်စားသူတို့ မုသားစကား
"ဏေါင်လော့" "ဏေါင်ခလော" ထိုသူတို့အား
ယုံခဲ့ ယုံမြဲ ယုံနေကြဆဲပါ။

တည်နေသ၍ သည်မြေဤကမ္ဘာ
“ကရင်ဟေ့” ဟစ်ဝံ့ကြသူငါ
ဘယ်ညာမလှပ် ဖွဲ့နှောင်ရစ်ပတ်
ထိုထိုချည်ဖြူ မှတ်သညာကိုယူ
သက်သေကိုပြု ပေါင်းကာစုလို့
မြဲမြံသစ္စာ အမျိုးအလံအောက်မှာ
သွေး သွေးချင်းယှက် မျိုးချင်းမဝေးနဲ့
သွေးစည်းကြမယ် နီးကြမယ်
အရှိုက်ရခက်တဲ့ အိုဘယ့် နဒီရှင်ရယ်
မငိုနဲ့တော့ တိတ်တော့ကွယ်။
                 
                                            စ’ အိုင်ခန့် (နှင်းခဲမြေ) 8/2/2012