January 14, 2013

နာရီအိုရဲ့ သွေးသစ်သံပတ်


ဆယ်စုနှစ်တွေ ချီကာလှမ်းလည်း
ငါ့ရဲ့ပန်းတိုင် မှုံကာဝေးဆဲ

နွမ်းလျလျသမိုင်းထဲက
မန်းဘဇန် ကြီး ဘဝင်မကျတာ
ဟံသာတာမွှေးလည်းသိသလို
ဗိုလ်ချုပ်စိုင်းကေလည်းသိပါရဲ့
ငါ့သတ္တိသွေးဘယ်လောက်ရဲလဲဆိုတာ

နောင်လာနောင်သားသိသူရှားလည်း
ခုနှစ်မိုင်အစိုးရ လှန့်ဖြန့်ခဲ့တာ

အင်းစိန်မြို့ ကြီးသိပါရဲ့
 ရှည်လျားတဲ့ ရာသီဒိုင်ခွက်ထဲက
မမှိတ်မသုန်ကြွေလွင့်ပျက်ဆီးခဲ့တဲ့
မိနှစ်တံနဲ့စက္ကန့်တံတွေအတွက်
သမိုင်းမတင်မှတ်တမ်းမဝင်ပေမဲ့
လွတ်လပ်မှုနဲ့မျှော်လင့်ချက်ရဲ့
ဂန္တဝင်ရက်များစွာကို အသက်ဆက်

တော်လှန်သောသွေးသစ်များစွာကို
လက်ဆင့်ကမ်းဆောင်ကြဉ်းမွေးဖွါးခဲ့
                        နာရီအိုကြီးတစ်လုံးလို
ဟောင်းနွမ်းနွမ်းသံချေးတက်လက်တံတွေနဲ့
တကြုတ်ကြုတ်မြည်သံပါအောင်လည်ပတ်ရင်း
သွေးသစ်သံပတ်တွေနဲ့ စွမ်းသစ်နေဆဲဘဲဆိုတာ
ငါ့ရဲ့မရပ်မနားလည်ပတ်နိုင်ခြင်းက
မုချပန်းတိုင်တစ်နေ့မလွဲမသွေရောက်နိုင်ခြင်းရဲ့
အကောင်းဆုံးသက်သေတွေပေါ့။


                                                 စအိုင်ခန့် (နှင်းခဲမြေ) 

လာမည့်ဇူလိုင်လ( ၁၆)ရက်နေ့တွင်
ကျရောက်သောကရင်အမျိုးသားကာကွယ်ရေးတပ်မတော်နေ့
ထူးမြတ်နှင့်အတူ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘောယူဖေါ နှင့် ဗိုလ်ချုပ်ကျော်သောင်း 
KNDOတပ်ရင်း(၆)မှဒုဗိုလ်မှူးကြီး ဖူးထောဂေ (ကွယ်လွန်)တို့အားနှင့် ကျဆုံးလေပြီးသောKNDOအရာရှိအရာခံအကြပ်တပ်သားအာဇာနည်အပေါင်းတို့အား
ဤကဗျာလေးဖြင့်ဂုဏ်ပြုအပ်ပါသည်။

အဆိပ်မဲ့ အရိပ်သစ်ပင်






  
                                 အဆိပ်မဲ့အရိပ်သစ်ပင်

အို-----အသင်သစ်ပင်
သင်ဟာ တို့တမျိုးသားလုံးအတွက် နားခိုရာ မရှိမဖြစ်တဲ့ အရိပ်သစ်ပင်
အသင်ရဲ့ သက်တမ်းကား အိုမင်းရင့်ရော်ကာ ဆယ်စုနှစ် ခြောက်ခုပြည့်မြောက်ပြီးဖြစ်လဲ
သင်ရဲ့ရွက်ဟောင်းများ ကြွေကျမြေခကြလဲ
မပြိုမလဲ ထီးထီးမားမားရပ်တည်နိုင်ဆဲ၊
ခြ စားနေတဲ့ ပင်စည်နဲ့ သင်ရဲ့ရေသောက်မြစ်တချို့ကြောင့် အသင်မစိမ်းလန်းနိုင်ခဲ့ပေမယ့်
ကျိုးတိုးကျဲတဲ သင့်အရွက်တွေနဲ့ တို့တတွေ အရိပ်ခိုနားခွင့်ရခဲ့
အနာဂတ်မျှော်လင့်ချက်တွေ ရှင်သန်နိုင်ခဲ့။
ကိုယ့်ကိုယ်ကို သစ်သားမှန်းမသိတဲ့
သစ် သစ်ချင်းခုတ်တဲ့ ဇါတ်တူပုဆိန်ရိုးတွေကြောင့် အသင်ဟာ အင်အားချိနဲ့ခဲ့ရ
သင့်အကိုင်းအခက်တချို့အား မက်လုံးပေးပြီး
ခုတ်ဖြတ်သွားတဲ့ ကိုင်းဆက်သမားတွေကြောင့်
သင်ဟာ ရွက်နုတွေ မဝေဆာနိုင်ခဲ့
အသင့်အား သစ္စာဖေါက်ပြားပစ်ခွါသွားပြီး
လွင့်စင်သွားတဲ့သင့်ရဲ့မျိုးစေ့တို့သည်လည်း
မဟာမျိုးခြားပင်ရဲ့လောင်းရိပ်အောက်မှာ
အညှောင့်အစို့လေးတောင် မထောင်ထွက်နိုင်
လုံးပါးပါးကာ ကိုယ့်အရိပ်ကိုယ်လန့်နေကြရ
တေမိမင်းဝင်စားတဲ့ င အ တွေလို ဆွံ့အနေကြ။
သို့သော်----သင်ဟာ ထိုဒဏ်အပေါင်း ခညောင်းရောက်ရှိလဲ ဂရုမမ
လွတ်လပ်ခြင်းလမ်းကို လမ်းပြဆောင်သူ
အနာဂတ်မျိုးဆက်ရှင်သန်ရန်အရေး
လိုအပ်တဲ့အရိပ်ကောင်း သစ်တပင်အတွက်
အဆိပ်မဲ့တဲ့ လောင်းရိပ်တခု ဖန်တီးနိုင်ဖို့
အသင်ထာဝရ ရှင်သန်နေရဦးမယ်
အို---အသင်သစ်ပင်
                                   စ,အိုင်ခန့် (နှင်းခဲမြေ)

မြယာတောသခင်သို့ တိုင်တည်ခြင်း

မြယာတောသခင်သို့ တိုင်တည်ခြင်း
စ,အိုင်ခန့် (နှင်းခဲမြေ)
(၁၈-၁၀-၂၀၁၁)

အို...အရှင်မြယာတောသခင်
သင်၏လွတ်မြောက်ရေးတိုက်ပွဲခရီးဟာ
ဖုန်းဆိုးမြေ မြယာတောထဲက
ဇနပုဒ်တဲစုတ်နံဘေးမှာ
အဆုံးသတ် မြေခခဲ့ရတယ်။

ဒါပေမယ့်
ငါတို့အတွက် ဘယ်တော့မှသွေဖည်လို့မရတဲ့
တော်လှန်သော မျိုးဆက်တို့အတွက်
သီအိုရီ မူလေးချက်ကို
အသင် ချန်ထားပေးခဲ့တယ်။

အို...အရှင်မြယာတောသခင်
သင်နှင့်အတူ စခဲ့တဲ့
တော်လှန်ရေးဖခင်ကြီးများလည်း
တစ်ချို့  သင်နှင့်အတူ
သြဂုတ်မှာပွင့်တဲ့ ပန်းနီနီလေးတွေအဖြစ်
အာဇာနည်ဘွဲ့  နှင်းအပ်ခြင်းခံရ
ဒို့တစ်တွေ ဦးညွှတ်အလေးပြုခြင်း ခံရပေမယ့်လည်း

အို...အရှင်မြယာတောသခင်
တစ်ချို့  သင်နှင့်သွေဖည်စွာ
လှည့်ဖြားသူတို့ရဲ့ မက်လုံးကြားမှာသာယာရင်း
မမှိတ်မသုန်နဲ့ နိဂုံးချုပ် အဆုံးသတ်ခဲ့ကြရ
တစ်ချို့  သာယာနေဆဲ၊ နားယောင်နေဆဲပါ

အို...အရှင်မြယာတောသခင်
တစ်ချို့  သင်နှင့်ထပ်တူစွာ
သင်၏မူအား ဆုပ်ကိုင်ရင်း
သင်္ခါရတရားရဲ့ လောင်းရိပ်အောက်မှာ
အိုမင်းရင့်ရော်ခြင်းနှင့်အတူ
လောကဓံအောက် ကြွေကျ
တာဝန်တွေကျေပြွန်စွာ
ကျောခိုင်းနှုတ်ဆက်သွားကြရ

ဒါပေမယ့်
အို...အရှင်မြယာတောသခင်
သင်၏ အမျိုးသားလွတ်မြောက်ရေး ခရီးစဉ်မှာ
သင်၏ မျှော်လင့်ချက်ပန်းတိုင်အတွက်
ဒို့အသွေးအသားမှာ စီးဝင်တဲ့ သင်၏ဝိညာဉ်တွေနဲ့
သင်ချန်ထားခဲ့တဲ့ ရေသောက်မြစ် မူလေးချက်နဲ့အတူ
သင့်ရဲ့ အကိုင်းအခက်အရွက်တွေဟာ
ရွက်သစ်တွေနဲ့ နုပျိုဆဲ၊ ပွင့်ဝေဆဲ၊ တွန်းလှန်နေဆဲပါ
သင်မျှော်မှန်းခဲ့တဲ့ လွတ်မြောက်ရေး ပန်းတိုင်ဆီကိုပေါ့။ 

စ,အိုင်ခန့် (နှင်းခဲမြေ)

တော်လှန်နေဆဲနှင့် ကျဆုံး/ကွယ်လွန်သွားသော တော်လှန်ရေး အရာရှိ အကြပ် တပ်သားအပေါင်းအား ဂုဏ်ပြုအပ်ပါသည်။

ပျဉ်းမငုတ်တိုရဲ့ မိုးမခငုတ်တို


ပျဉ်းမငုတ်တိုရဲ့ မိုးမခငုတ်တို
စ’အိုင်ခန့် (နှင်းခဲမြေ)

“အယူ” ဆိုတဲ့တောင်စွယ်တောင်တန်းကြားက
မြစ်ဖျားခံစီးဆင်းတဲ့ အတ္တရေနီကြမ်းတစ်ချို့ကြောင့်
အနယ်အနှစ်တွေနဲ့ ကိုးသွယ်နဒီရဲ့ရေကြည်
လှိုင်းဂယက်ထ နှောက်ကျိသွားခဲ့တာ
မင်းသိပါတယ် သူငယ်ချင်း။

နှောက်ကျိနေတဲ့ ကိုးသွယ်နဒီမြစ်ရေကို
ခြေဆေးခဲ့ကြသည့်တိုင် မကျေနပ်နိုင်တဲ့ မဟာတစ်သိုက်
တို့ရဲ့သွေးနဲ့ ငါတို့ရဲ့မြေကို စွေးစွေးနီအောင်အရောင်ချယ်နေကြတာ
မင်းသိပါတယ် သူငယ်ချင်း။

သံလွင်သောင်ရင်းဆုံရာ မိုးမခရိပ်မြုံ ဒို့မြစ်ဆုံမှာ
ငါတို့ညီအကိုချင်း ချစ်ခြင်းမဲ့စစ်ခင်းလျှက်
အမုန်းဖွဲ့ပြီး ခွဲခွာခဲ့ကြရတာ
ပျဉ်းမငုတ်တို ဇာတ်လမ်းတစ်ပုဒ်မဟုတ်တဲ့
မိုးမခငုတ်တို ဇာတ်ကြမ်းတစ်ပုဒ်ဆိုတာ
မင်းသိပါတယ် သူငယ်ချင်း။

သုံးရောင်ချယ် ကိုးနဒီသွယ်တဲ့
ဖားစည်ပုံပါ အလံတော်အောက်မှာ
နောင်မမုန်းကြေး ဖွဲ့စုံနေထိုင်နိုင်ရေးမူတွေချ
အပြောနဲ့လုပ်ရပ် လက်တွေ့ကျတာ မကျတာထက်
ဒါတွေဟာ ယုံတမ်းစကားသက်သက် မဟုတ်ဘူးဆိုတာ
မင်းသိပါတယ် သူငယ်ချင်း။

ဥပက္ခာဆိုတဲ့ လမ်းကျဉ်းကလေးထဲ
မခို့တယို့ ဟန်ဆောင်မှုတွေနဲ့
ပြာဖုံးနေတဲ့ မင်းရဲ့ဝံဿာနုအကြွင်းကျန်စတွေနဲ့
စည်းလုံးညီညွှတ်ခြင်းဆိုတဲ့
ဝေါဟာရရဲ့ အနက်အဓိပ္ပါယ်ကိုဖွေရှာရင်း
သွေးစက်ပြွန်းတဲ့ ဖုန်းဆိုးမြေမှ
အလင်းမဲ့ကြယ်စင်လေးတွေ လင်းလဲ့တောက်ပစေဘို့
နှင်းပွင့်လေးတွေခင်းတဲ့ မနက်ဖြန်ရဲ့ခရီးလမ်းမှာ
ဒို့တတွေအတူတူ လျှောက်လှမ်းရဦးမယ်ဆိုတာပါပဲ။

လမ်းဆုံးတဲ့ခါ ရောက်မဲ့ရွာ

စ’အိုင်ခန့် (နှင်းခဲမြေ)

ဟိုး တစ်ချိန်တုန်းက
“ချီဖွေ” တောင်တန်းတွေကြားမှာ
နှင်းခိုးတွေ တဝေေ၀နဲ့ ပန်းစုံရနံ့တွေ သင်းပျံ့လှိုင်ခဲ့တုန်းက
ရောင်စုံလိပ်ပြာလေးတွေ ပျံဝဲခဲ့ကြသလို
“ဒေါန” တောင်တန်းတွေကြားမှာတော့
မီးခိုးတွေ တဝေေ၀ကြားက ယမ်းညှော်စော်နံ့တွေ
သွေးညှီစော်နံ့တွေနဲ့ သင်းပျံ့ကာလှိုင်လျက်
အရောင်မည်းမည်း တိုက်လေယာဉ်တွေလည်း ပျံဝဲလို့ပေါ့။

ဟိုး တစ်ချိန်တုန်းက
“ချီဖွေ”တောင်တန်းတွေကြားမှာ
ငြိမ်းချမ်းရေးသံစဉ်တေးတွေ လွင့်ပျံ့ကာသီကြူးလို့
တောင်ယာခင်းတွေကို တပျော်တပါး ရိတ်သိမ်းကြချိန်မှာ
“ဒေါန”တောင်တန်းတွေကြားမှာတော့
“ဗုံးသံ” အမြောက်သံတွေနဲ့ ညည်းတွားသံတွေ ဆူညံလျက်
တေးဆိုသံဆိတ်ကာ ပြာပုံအတိနဲ့ ရွာခြေပျက်
တောင်ယာခင်းတွေလည်း ရိတ်သိမ်းသူမဲ့ခဲ့ပေါ့။

ဟိုး တစ်ချိန်တုန်းက
“ချီဖွေသူဇာ” လှပျိုကညာတွေ ပလိုင်းလေးလွယ်ပြီး
တေးသံညည်းကာ အေးချမ်းစွာ “တို့စရာ”ရှာခူးနိုင်ချိန်မှာ
ဒေါနသခင် “သင်တိုင်းဖြူရှင်” ပလိုင်းကိုငင် မျှစ်ချိုးဖို့သွားတာ
သွေးစတွေနဲ့ ပေကျံစုတ်ပြဲနေတဲ့ သင်တိုင်းဖြူ ၀ါးရုံပေါ်ချိတ်လျက်
မျှော်နေသူ မိခင်အိုထံ ဘယ်တော့မှ ပြန်ရောက်မလာခဲ့တော့။

ဟိုး တစ်ချိန်တုန်းက
ဆန့်ကျင်ဖက် စံစားမှုနဲ့ ခါးစည်းမှုတွေကို ရင်ဝယ်ပိုက်
စည်းလုံးမှု အားနည်းတဲ့ ကိုယ်လွတ်ရုန်းနိုင်ငံရေးရဲ့ အကျိုးဆက်
“ဒေါန”က ချီဖွေဖြစ်လိုက် “ချီဖွေ”က ဒေါနပြန်ဖြစ်လိုက်နဲ့
ကိုလိုနီစရိုက် အသွင်းခံလိုက်ရတဲ့ ဘ၀တူချင်း ဖြစ်သွားတာကလွဲလို့
ဘယ်သူမှ လွတ်မြောက်မှုကို မစွမ်းဆောင်နိုင်ခဲ့
ဖြေသိမ့်စရာ သင်ခန်းစာနဲ့ နောင်တတွေပဲ ရခဲ့တယ်။

မတည်တဲ့ ကတိတွေကို
ထပ်ခါတလဲလဲပေးတတ်တဲ့ ပလီပလာ မာယာရှင်လူတစ်စုဆီက
ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့လမ်းခရီးမှာ
ထောင်ချောက်ပြွမ်းတဲ့ မှောင်မဲမဲခရီးကြမ်းရှည်ထဲ
ယိုင်နဲ့နဲ့ မင်းရဲ့ချိုင်းထောက်လေးတွေနဲ့
စိတ်ချလက်ချ လိုက်ဘို့ဖြစ်နိုင်ပါ့မလား။

ကြားရရုံနဲ့ ကျောချမ်းတဲ့
ခေတ်တစ်ကျော့ပြန် သေမင်းတမန် ရထားလမ်းတဲ့
ဂျပန်ခေတ်က ချွေးတပ်စခန်းကို မြင်ယောင်မိ
ဒေသဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ဖိ
မဟာတို့ရဲ့ မြေလှန်စနစ် စီမံကိန်း တကယ်အရှိမှာ
သေမင်းတမန်လက်ထဲ ဘယ်သူတွေကို ထပ်ထည့်ဦးမှာလဲ။

ဧည့်သည်က အိမ်ရှင်လုပ်
တောင်းဆိုသလိုနဲ့ မောင်းထုတ်တဲ့ပွဲမှာ
ရှမ်းပြည်မှ သွေးချင်းတို့ နှစ်စခန်းတောင် တပ်ဆုတ်ပေးနေရတော့
ငြိမ်းချမ်းရေးဆိုတာ အလျှော့ပေးရတဲ့ အရှုံးပေးဆုတ်ခွါရေးတွေလား။
ငါတို့ကရင်ပြည်သူတွေအတွက် ငြိမ်းချမ်းရေးဆိုတာထက်
မှတ်ပုံတင်အစစ်လေးတောင် ရဘို့သေချာမတွက်နိုင်ခဲ့။

“စော”အရှေ့မှာ “မောင်”ဖုံးတဲ့
နိုင်ငံသားကတုံးထိပ်ကွက်မဲ့ပွဲမို့
“ဗမာ”နဲ့ “မြန်မာ” ဝေါဟာရ အရှုတ်တော်နှစ်လုံးကြား
ဗမာပဲဖြစ်လာ၊ မြန်မာပဲဖြစ်လာ ကရင်ဖြစ်လာနိုင်မတဲ့လား။
အွန်လိုင်းထဲက မန်းထက်ခေါင်ရဲ့ ဆောင်းပါးတစ်ပုဒ်
ခေါင်းစဉ်လေးက ရိုးရိုးပါ
“လမ်းဆုံးတဲ့အခါ ရောက်မဲ့ရွာ”တဲ့
အရင်းအနှီး တန်ဘိုးကြီးစွာနဲ့ ပေးဆပ်ခဲ့ရ
လျှောက်လှမ်းခဲ့ ဆယ်စုနှစ်ခြောက်ခုကျော်ခရီး
ယာယီမှတ်ပုံတင်လေးကိုင်ပြီး ခရီးဆုံးလို့ရောက်မဲ့ရွာ
ရွာခြေပျက် ကရင်တွေမဲ့တဲ့ “ပြတိုက်”မဖြစ်စေနဲ့။
စ’အိုင်ခန့် (နှင်းခဲမြေ)
(ဇူလိုင် ၇ရက်၊ ၂၀၁၂)

ရည်ညွန်းနာမ်စား
ချီဖွေ = ကချင်ပြည်နယ် စစ်မြေပြင်ပန်းဝါဒေသ ချီဖွေနယ်မှ တောင်တန်းအမည်
ဒေါန = ကရင်ပြည်နယ်မှ တောင်တန်းအမည်

နဒီရှိုက်သံ

 
နဒီရှိုက်သံ
Submitted by on Tuesday, 7 August 2012--
စ’ အိုင်ခန့် (နှင်းခဲမြေ)
ပြယုဂ်ဝါခေါင် မိုးသည်းအုံ့မှောင်
သော်တာပုန်းလျှိုး ကြယ်စင်မနိုး
ညို့မှိုင်းဝဠာဖျား တောင်သေလာကြား
နဂါးအလား ကွေ့ဝှိုက်ကာတွား
မြစ်မင်းအရှင် ……
အို သံလွင်။
မင်းရဲ့စီးမာန် ကမ်းပါးခတ်သံ
အရင်မတူ ထူးခြားတမူ
အဆန်မဲ့ အစုန်ရခက်ခက်
ရေစီးကြောင်း အသစ်စက်စက်မှာ
အယုံလွယ်တဲ့ ရင်ဝယ်သားတွက်
သည်းသံသဲ့သဲ့ ရှိုက်သံယဲ့ယဲ့နဲ့
ငိုနေရော့သလား နဒီသခင်။

မြစ်မင်းအရှင် အို ...... သံလွင်။
အစဉ်လမြတ် ဝါခေါင်လမှာ
“ပလူးလာ” “ပလူးလာ” ကြိမ်ဖန်များစွာ
သတိအမြဲ သင်ဆိုခဲ့လည်း
လှည့်စားသူတို့ မုသားစကား
"ဏေါင်လော့" "ဏေါင်ခလော" ထိုသူတို့အား
ယုံခဲ့ ယုံမြဲ ယုံနေကြဆဲပါ။

တည်နေသ၍ သည်မြေဤကမ္ဘာ
“ကရင်ဟေ့” ဟစ်ဝံ့ကြသူငါ
ဘယ်ညာမလှပ် ဖွဲ့နှောင်ရစ်ပတ်
ထိုထိုချည်ဖြူ မှတ်သညာကိုယူ
သက်သေကိုပြု ပေါင်းကာစုလို့
မြဲမြံသစ္စာ အမျိုးအလံအောက်မှာ
သွေး သွေးချင်းယှက် မျိုးချင်းမဝေးနဲ့
သွေးစည်းကြမယ် နီးကြမယ်
အရှိုက်ရခက်တဲ့ အိုဘယ့် နဒီရှင်ရယ်
မငိုနဲ့တော့ တိတ်တော့ကွယ်။
                 
                                            စ’ အိုင်ခန့် (နှင်းခဲမြေ) 8/2/2012